Wednesday, July 29, 2009

ခံစားချက်အပိုင်းအစ

ချစ်ရတာ လွယ်ပေမဲ့ တသက်လုံးလက်တွဲဖို့ကျခက်တယ်

သံယောဇဉ်ရှိဖူးပေမဲ့ နင့်ကို ချစ်ဖို့ခက်တယ်

ချစ်ခဲ့တဲ့ မျက်ဝန်းတွေက လူတွေရှေ့ကျရင်ညာဖို့ခက်တယ်

ပျော်စရာတွေများနေပေမဲ့ ငါ့ကိုစိတ်ချမ်းသာစေတဲ့ အရာ ကနည်းတယ် ။ ရှားတယ် ။

လူတွေကိုခင်ဖို့ လွယ်ပေမဲ့ လူ့အကြိုက်တိုင်းကို လိုက်လျောဖို့ ခက်တယ်

သူငယ်ချင်းတွေများပေမဲ့ ငါ့ကို ချစ်ခင်တဲ့ သူငယ်ချင်းရှားတယ်

လူတစ်ယောက် အချစ်ကို သိတတ်ခဲ့ပေမဲ့ ပြောမထွက်ခဲ့တာလည်းများတယ်

စိတ်တွေရှုပ်ရှက်ခက်နေပေမဲ့ ဟန်ဆောင်ခဲ့တာများတယ်။

ငါပြုံးရယ်နေပေမဲ့ မပျော်တဲ့ရက်တွေများတယ်

မင်းကိုလွမ်းနေပေမဲ့ အလုပ်ကိုပဲဖိလုပ်ဖို့ ကြိုးစားမိတယ်

ရီစရာတွေပြောပြီး ဘ၀ကိုခနလောက်တော့ မေ့ထားမိတယ်

မချစ်မမုန်း သံယောဇဉ်များကြားမှာ ကျနော့်ဘ၀ပတ်ချာလည်နေတယ် ။

တရားစခန်းတလလောက်ဝင်ပြီး

မေမေနဲ့ဖေဖေကို တွေ့ချင်တယ်

ဘာမဟုတ်ညာမဟုတ်ခံစားချက်များပါ

လေးစားလျှက်
သဲသဲ

Saturday, July 25, 2009

အုန်းနို့ ခေါက်ဆွဲ အာရုဏ်ဆွမ်းအလှူ

ကျနော်ဒီနေ့မနက် toapayoh monastery မှာ အုန်းနို့ခေါက်ဆွဲ အာရုဏ်ဆွမ်းကိုလှူဖြစ်တယ် ။ ကျနော်နဲ့ ကျနော်ရဲ့ အမ မသင်းသင်းဦးနဲ့ အတူ မနေ့ညက တညလုံးမအိပ်ပဲ အိပ်ေ၇းပျက်ခံပြီး ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲ။ အောက်မှာ ပြထားတဲ့ပုံတွေက ဘုန်းကြီးများ အာရုဏ်ဆွမ်းပေးနေတုန်း ရိုက်ထားတဲ့ပုံတွေပါ။
ကျနော့်အမအရင်း မတင်မိုး နဲ့ ဆရာကိုသန့်ဇင်မျိုးကို မခေါ်လိုက်ရဘူး ။ အားချင်းလုပ်ဖြစ်သွားလို့ ၊ အဲဒါနဲ့ အမက ကျနော့်ကိုဒီမနက် ဖုန်းဆက်တော့ သူ့ကိုမခေါ်လို့ စိတ်မကောင်းဖြစ်သွားတဲ့ပုံပဲ။ ကျနော်ဘလော့ထဲကပဲ တောင်းပန်ပါတယ်။ ကျနော့်လည်း မနက် ၅ နာရီအရောက်ဘုန်းကြီးကျောင်းကိုထသွားပြီး အိမ်ထဲကချက်ထားတဲ့ ဘုန်းကြီး ဆွမ်းကို မနက်အာရုံ ၇ နာရီ အမှီကပ်ရတော့ ဘယ်သူ့ကိုမှ မခေါ်ဖြစ်ဘူးဖြစ်သွားတယ် ။ သူငယ်ချင်းအားလုံးကိုလည်းတောင်းပန်ပါတယ်။

ဒုတိယပုံကတော့ ဘုန်းဘုန်းများ မနက်အာရုဏ်ဆွမ်းဘုန်းပေးနေကြတဲ့ပုံဖြစ်ပါတယ်။

ဒီပုံကတော့ မသင်းသင်းဦးနဲ့ ကျနော်နဲ့ အုန်းနို့ခေါက်ဆွဲ ကပ်ဖို့ပြင်နေတဲ့ပုံဖြစ်ပါတယ်



ဒီပုံလေးကတော့ မနက်အာရုဏ်ဆွမ်းကပ်ပြီး အိုက်တိုးပကေးဆန် အိုးတိုက်ပန်ကန်ဆေးနေကြတဲ့ ညီအစ်မ နှစ်ယောက်ပုံဖြစ်ပါတယ်။
ကျနော်တို့အလှူအကြောင်းလေး တစ်ခါတည်းကြုံတုန်းလေးထည့်ကြွားလိုက်ဦးမယ် ။ အဲဒီ အုန်းနို့ခေါက်ဆွဲကို အမှန်အတိုင်းဝန်ခံရရင် တစ်ခါမှ မချက်ဖူးပါဘူး။ မသင်းသင်းဦးကတော့ ချက်ဖူးတယ်။ အဲဒါနဲ့ ကျနော့်အသိတွေကို မေးကြည့်တော့ ပဲအကျက်မှုန့်နဲ့ ချက်ရတယ်လို့ ပြောတယ်။ အဲဒါနဲ့ မနေ့က ပင်နီဆူလာမှာ ပဲအကျက်မှုန့်သွားဝယ်တော့ ဆိုင်ရှင်ကပြောရှာတယ်။ " သမီးရယ် အုန်းနို့ခေါက်ဆွဲ ချက်ရင် ပဲအစိမ်းမှုန့်နဲ့ပဲ ချက်ရတယ်။ " လို့ဆိုင်ရှင်က အကြံပေးရှာတယ်။ သူငယ်ချင်းကပြောထားတာက ပဲအကျတ်မှုန့် ဆိုရင် အနံ့ မထွက်ဘူး ဆိုပြီးချက်ရင် အဆင်ပြေတယ်လို့ ပြောထားတော့ အဲဒါနဲ့ ပဲအကျက်မှုန့်ပဲ ၀ယ်ြဖစ်လိုက်တယ်။ အဲဒီမှာ ဇာတ်လမ်းစတာပဲ ။ အဲဒါနဲ့ ညက ဘုန်းကြီးကျောင်းမပိတ်ခင် ဘုန်းဘုန်းဆီကချက်ဖို့ ပြုတ်ဖို့ အိုးသွားယူတယ်။ ပြီးတော့ ထုံးစံအတိုင်း ဘာမှ မ၀ယ်ရသေးတော့ ကြက်သားနှစ်ကောင်၊ ခေါက်ဆွဲထုတ်၊ အုန်းနို့ ရည်၊ ကြက်သွန်ဖြူ/နီ ၊ ဂျင်း ၊ငံပြာရည် အစရှိသဖြင့်လိုအပ်တဲ့ တိုတိုထွာထွာလေးတွေကို Fair Price မှာလိုက်ဝယ်ပြီး ညီအစ်မနှစ်ယောက် မနိုင့်တနိုင် နဲ့ ဘုန်းကြီးကျောင်းက ပေးလိုက်တဲ့ ချက်ဖို့ ပြုတ်ဖို့ အိုးတွေနဲ့ Fair Priceက၀ယ်လာတဲ့ အထုတ်အပိုးတွေရယ် ကျနော့်ရဲ့  သယ်နေကျ laptopလေးရယ် နဲ့ အိမ်ကို မရောက်ခင် လမ်းမှာ နှစ်ခေါက်နားပြီး ကျနော်တို့ နှစ်ယောက် အိမ်ကိုပြန်ရောက်လာတယ်

ကျနော်တို့ နှစ်ယောက်အိမ်ေ၇ာက်တော့ပဲ ၁၀ နာရီထိုးပြီ။ အဲဒါနဲ့ မချက်တတ်ချက်တတ်နဲ့ ကြက်နှစ်ကောင်ကို အရင်ကိုင်တယ်။ ပြီးတော့ အရိုးနဲ့ အသားနဲ့ကိုဆား ၊ အချိုမှုန့် ၊ ငံပြာရည်နဲ့ ရောပြီး အရင်ပြုတ်ကြတယ်။ ပြောရရင် အဲဒီကထွက်လာတဲ့ ကြက်ပြုတ်ရည်ကို အချိုရည်အနေနဲ့ အုန်းနို့ခေါက်ဆွဲ မှာ ပြန်ထည့်မလို့လေ။

လွဲသွားတာတစ်ခု
မသင်းသင်းဦးက ကျနော့်ကိုမေးတယ် "ညီမလေး ကြက်သားကို ဒီတိုင်းအတုံးတုံးလေးတွေ လှီးပြီ ဆီသတ်မှာလာ။ (or) ပြုတ်ထားတဲ့ြဲကက်သားကို အမျှင်လေးတွေ ခွာပြီးမှဆီသတ်မှာလား တဲ့ " ကျနော်ဟင်းချက်တတ်ပုံများကတော့ "နွှာပြီးဆီသတ်ရင် ကောင်းမယ်ထင်တယ်နော် အမတဲ့" ကျနော်ပြန်ပြောလိုက်တယ်။အမှန်တကယ်က မနက်ကျမှ သိလိုက်တာက ကပ္ပိယကပြောတယ် "အုန်းနို့ခေါက်ဆွဲဆိုတာ ချက်ရင် ကြက်သားကို အစိမ်းကို အတုံးရွယ်တူ မကြီးမသေးလေးတွေတုံပြီး ဆီသတ်ရတယ်တဲ့ " အဲဒီအခါမှ သိလိုက်တယ်။ တယ်တော်တဲ့ကျနော်ပါလားလို့ ။ လုပ်လိုက်ရင်တလွဲကြီးပဲ ။

အဲဒါနဲ့ ပဲကျနော်တို့ ကြက်သားအမျှင်လေးတွေကို ပြုတ်ထားတဲ့ ကြက်သားထဲက ခဲရာခဲဆစ် ခွာပြီး ကြက်သွန်အဖြူ ၊ ဂျင်း ၊ ငရုတ်သီးေ၇ာင်တင်မှုန့် တို့နဲ့ ဆီသတ်တယ်။ ပြီးတော့ အဲဒီ ကြက်သားဆီသတ်ထားတဲ့ အိုးကို ဒီတိုင်းလေးခန ထားလိုက်တယ်။ ပြီးတော့ မှ ပဲအကျက်မှုန့်ဇာတ်လမ်းစတာပေါ့။ အဲဒီပဲအကျက်မှုန့်ကိုေ၇နဲ့စဖျော်ပြီး မကျေတဲ့အမှုန့်လေးတွေကို လက်နဲ့ စချေပြီး ပဲအရည်ကို ကျိုရမှာလေ။ ဖြစ်ချင်တော့ အိမ်မှာက စစ်တဲ့စကာမရှိဘူး။ ကျနော်မ၀ယ်ထားတတ်ဘူး။ အဲဒီမှာ ရွာလည်တော့တာပဲ။ အဲဒီ လို ရေနဲ့ ပဲအကျက်မှုန့်နဲ့ဖျော်လိုက်လို့ ပဲလေးတွေကို ရေထဲမှာရောသွားပြီး ပဲအမှုန့်ကို အစေ့လေးတွေမဖြစ်အောင်လိုက်ချေရတယ်။ တကယ်လို့ အဲဒီလိုပဲမှုန့်အစေ့လေးတွေဖြစ်သွားရင် သူများတွေက စကာနဲ့စစ်ချပြီး ကျေအောင်လုပ်ကြတယ်။ ကျနော့်မှာတော့ စကာမရှိတော့ ကျနော်တစ်ခါမှ မ၀တ်ရသေးတဲ့ ရန်ကုန်က အမေထည့်ပေးလိုက်တဲ့ ချည်အကျီ အဖြူလေးကို တောမှာ အုန်းနို့ရည် ညှစ်သလို လုပ်ပြီး အရည်ကိုအရင်စစ် အစိစိ လေးတွေထနေတဲ့ ပဲမှုန့်လေးကို မနည်းစိတ်ရှည်ရှည်ထားပြီးလိုက်ချေရပါတယ်။ ပြီးတော့ မှ ကျနော်တို့ ပဲကို မီးပေးပြီး စကျိုကြတယ်။ အဲဒီမှာ အရင်လို မီးကို နည်းနည်းလေးပိုပေးမိတယ်။ အမှန်တကယ်က မီးအေးအေးလေးနဲ့ စိတ်ရှည်လက်ရှည်လုပ်ရ တာလေ။

မှတ်ချက် ၊ ပဲအစိမ်းမှုန့်က အုန်းနို့ ခေါက်ဆွဲ ချက်တဲ့နေရာမှာ ပိုအဆင်ပြေပါတယ်။ ပဲအကျက်မှုန့်အနံ့မထွက်တော့ဘူးလေ။


ပြီးတော့ ကျနော်တို့ အဲဒီပဲအရည်ကျိုတာလေးကို စိတ်ရှည်လက်ရှည်နဲ့ မွှေပေးရင်းနဲ့ မနက်၃ နာရီထိုးသွားတယ်။ ပြီးတော့ ကျနော်တို့ ခုနက ကြက်သားအချိုရည်လေးကိုထည့်တယ်။ ပြီးတော့ ကျနော်တို့ ကြက်သားဆီပြန်ချက်ထားတာလေးတွေရယ်၊ အုန်းနို့ရည် နှစ်ဗူးရယ်ကို ရောထည့်တယ်။ ဖြစ်ချင်တော့ ကြက်သားကို အတုံးလေးတွေမလုပ်လိုက်တော့ အုန်းနို့ခေါက်ဆွဲက အရသာရှိပြီး အမြင်မလှဘူးဖြစ်နေတာနဲ့ ကျောင်းရောက်တော့ ကပ္ပိယတွေကပဲ ကျနော်တို့ရဲ့ လက်ရာလေးတွေကို ကြက်သားတုံးလေးတွေကို ဆီပြန်ထက်ချက်ပြီးပြင်ပေးရှာတယ်။ ဒါနဲ့ ပဲ မနက်အာရုဏ်ဆွမ်းလေးဖြစ်သွားပါတော့တယ်။

"ဘလော့လာလည်တဲ့ ကျနော့်ရဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ကျွန်တော်နှင့်အတူ ယနေ့ထပ်တူထပ်မျှ ကုသိုလ်ရပါစေရန် အမျှ အမျှ အမျှ ပါဗျာ"
အလှူပွဲရှိလို့ အော်ဒါမှာချင်ရင်လက်ခံတယ်နော်
ပုံ
သဲသဲ

Wednesday, July 22, 2009

ထင်ကျန်ရစ်သော နှလုံးသားဝေဒနာ

တွေ့ကြုံရတဲ့ လောကဓံတွေကို
မင်းဘေးနားမှာ ရှိခဲ့စဉ်က
ကြံ့ကြံ့ ခံနိုင်ခဲ့ပေမဲ့
ခုချိန်မှာ တော့
ပြိုလဲချင်နေပြီ။

ရုံးအပြန်လမ်းတလျှောက်ငိုနေခဲ့တယ်
အချစ်ဆိုတာမရှိတဲ့ အဝေးတနေရာကို
ခေါ်သွားပေးကြပါလား
အလွမ်း ဒဏ်ရာတွေနဲ့
ထပ်ပြီး မနေချင်တော့လို့ပါ။

ချစ်သူရေ
ကျနော့်ရဲ့ဘလော့လျှောက်လည်တတ်တဲ့ရောဂါက
ကျနော့်ကိုဒီနေ့ ဒဏ်ခတ်လိုက်ပြန်ပြီ

ပျော်နေတဲ့မင်းမျက်နှာရယ်
မင်းကိုချစ်တဲ့သူတစ်ယောက်ရယ်
မင်းဘေးနားမှာ ရှိနေခဲ့ပြီမို့

မင်းမသိအောင်
ငါ့ရင်ထဲမှာ
ဆွေးနေပါတော့မယ်

ငါစိတ်ဓာတ်တွေကျလို့
မင်းမျက်နှာကို မြင်ချင်တဲ့
နေ့လရက်တွေကို
ဘ၀ထဲက ဆန္ဒတစ်ခုအနေနဲ့သာ
လိုချင်တဲ့ တောင်းဆုတွေမပြည့်ခဲ့တဲ့ငါ
မျက်ဝန်းမှာ မိုးတွေရွာနေလို့
မင်းပုံရိပ်တွေထင်ကျန်နေတဲ့
နှလုံးသားတစ်ခုနဲ့ အတူ
ပြာလဲ့နေတဲ့ ကောင်းကင်ပြာအောက်မှာ
ငါတစ်ယောက်တည်း
မင်းကို မျှော်နေတယ်။
လေးစားလျှက်
သဲသဲ








Tuesday, July 14, 2009

Sunday, July 12, 2009

အချစ်နဲ့ ဘဝ

ကျနော်တွေးမိတာလေးရှိလို့ ဒီဘလော့လေးကို တင်လိုက်တာပါ။ ဒီညနေကျနော် toapayoh ဘုန်းကြီးကျောင်းကို သွားပြီးတရားနာတယ် ။ အသိတစ်ယောက်ကပြောလို့ ဒီသတင်းလေးကြားလိုက်ရလို့ စိတ်မကောင်းတော့ဖြစ်သွားတယ် ။ ပြောပုံက ဒီလိုဗျာ "အသက် ၂၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ယောက် ဒီစင်ကာပူမှာ အိမ်ဖော်အနေနဲ့ လာလုပ်တယ်။ ကျနော်သိရသလောက် စင်ကာပူဒေါ်လာ ၃၀၀ လောက်ရတယ်လို့ပဲ ကြားတယ်။ ပြီးတော့ အိမ်ဖော်အနေနဲ့ လာလုပ်ကျတဲ့ သူတော်တော်များများဟာ အိမ်ရှင်ခွင့်ပြူချက်မရှိပဲနဲ့ အိမ်ပြင်ထွက်လို့ မရဘူး။ အဲဒါနဲ့ အဲဒီကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် က သူ့အသိကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ မေတ္တာငတ်နေတဲ့ အဲဒီ ကောင်မလေးနဲ့ ကောင်လေးနဲ့ ဖုန်းထဲမှာပဲငြိသွားကြတယ်ပေါ့ဗျာ။ အဲဒါနဲ့ပဲ အဲဒီကောင်မလေးဖုန်းလခ ၂၀၀ ကျော်ကုန်ကျသွားတယ်။ အိမ်ရှင်ကလည်း အဲဒီကောင်မလေးကို တော်တော်စိတ်ပျက်သွားပြီး ။ သူကိုကြိုပေးထားတဲ့ လစာ ၂လစာကို အရှုံးခံပြီး စင်ကာပူကနေမြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်တဲ့ ။ အဲဒီတော့ အဲဒီကောင်မလေးခမျာ ရန်ကုန်ကိုပြန်သွားရရှာတယ်။ " ကျနော်ကြားကြားချင်း စိတ်မကောင်းဖြစ်တာက ကျနော်သိရသလောက် ဒီကို အိမ်ဖော် အနေနဲ့ လာလုပ်တဲ့ သူတော်တော်များများဟာ လစာရဲ့ ၇ လစာကို agent fee အနေနဲ့ ပေးရတယ်။ အဲဒီတော့ သူတို့ခမျာ လုပ်ရတဲ့ လခက 7 လကျော်မှ အိမ်ကို ပြန်ပို့ နိုင်မှာလေ။

ကျနော်ပထမစဉ်းစားမိတာက ဒီကိုလာဖို့ ကျနော်တို့ တွေရဲ့ မိဘတွေက ပေးလိုက်တဲ့ ရှိမဲ့စုမဲ့ သူတို့ ခြိုးခြံပြီး မစားရက်မသောက်ရက် ချွေတာသုံးထားတဲ့ ပိုက်ဆံလေးတွေကို ရင်းပြီး ဒီကိုလာရတယ်။ ပိုက်ဆံတင်မဟုတ်ဘူးနော်။ မိဘတွေရဲ့ သားသမီးအပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက်လေးတွေ ။ ပြီးတော့ မိဘဆိုတာ ဆင်းရဲ ရဲ ချမ်းသာသာ သူတို့သားသမီးတွေကို သူတို့ရင်ခွင်မှာပဲ ထားချင်တာလေ။ သူတို့ရင်နဲ့ရင်းပြီးတော့ ချစ်တဲ့သားသမီးတွေကို အဝေးတစ်နေရာမှာ ထားရတာ သူတို့ရင်ထဲဘယ်လောက်များ ပူမလဲဗျာ။ ဘာပဲဖြစ်ဖြစ်အဲလိုဖြစ်သွားတော့ ကောင်မလေး မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ အထိခိုက်ဆုံးက သူကိုယ်တိုင်နဲ့ သူ့မိဘဆွေမျိုးတွေပဲဖြစ်မှာ ။

နောက်တစ်ခုစဉ်းစားမိတာက တစ်ချို့ သောသူတွေက လူတစ်ယောက်ကို တကယ်မချစ် နိုင်ပဲနဲ့ ကတိတွေပေး အာလူးတွေပေးပြီးတော့ သူများဘ၀မှာ အခက်အခဲ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာ မကောင်းဘူးလို့ထင်တယ်။

ြဲ့ပီးတော့ ကျနော်အကြံပေးချင်တဲ့တစ်ချက်က ဒီဘလော့ကို လာဖတ်တဲ့ စာဖတ်သူတွေမှာ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးတော့ ဒီမှာ မိမိနှင့်မဆိုင်သော အလုပ်(အိမ်ဖော်) အစရှိသကဲ့သို့ အလုပ်များ ကို လာလုပ်ချင်တဲ့သူများ ရှိရင် တားကြပါလို့ ။ မြန်မာငွေနဲ့ ပြောရင် အများဆုံးရ၇င်တစ်လ ၂ သိန်းပေါ့ ။ အဲဒီပိုက်ဆံလေးလောက်နဲ့ ကိုယ့်ဘ၀ကို မရင်းကြပါနဲ့ လို့ ။ ဒီလို အစစအရာရာ ဈေးကြီးတဲ့နိုင်ငံမှာ ၂ သိန်းရတဲ့သူဆိုတာ ပိုက်ဆံ ၅ သောင်းတင်အောင်စုဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲပေမဲ့ စိတ်ချမ်းသာရတယ်။ မိဘနဲ့ နေရတယ် ။ ဘ၀လုံခြုံတယ်။ စိတ်အေးချမ်းတယ်ဗျာ။ အဲလို အခွင့်အရေးတွေနဲ့ ဘာမဟုတ်တဲ့ ငွေလေးနဲ့ မလဲကြပါနဲ့ ။

နောက်တစ်ခုက ကျနော်ပြောချင်တာလေးပါ။ အချစ်နဲ့ ဘ၀ကိုမရောထွေးလိုက်ကြပါနဲ့လို့ ။ စင်ကာပူမှာ "မီးဖိုချောင်မှာ ပေါင်မုန့်မရှိရင် အချစ်ဆိုတာ တံခါးပေါက်ကထွက်ပြေးမှာပါ" လို့။ ကျနော့်ဘ၀မှာလည်း တစ်ခါတစ်လေ မှာ အဲလိုရောထွေးမိသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အချစ်နဲ့ဘ၀ကို ပေါင်းချင်ရင်တော့ ကျနော်တို့ စဉ်းစားရမယ့်အချက်က

  • မိဘကိုရော ကိုယ်ကိုတိုင်ကျေကျေနပ်နပ် ကျေးဇူးဆပ်ပြီးပြီလား ?
  • ဘ၀မှာရော အာမခံချက် အပြည့်ရှိတဲ့ အလုပ်မျိုးနဲ့ ဘွဲ့မျိုးကို ရောကိုကိုယ်တိုင် ရဖူးပြီလား ?
  • လက်တွဲဖော်လို့ထင်ရတဲ့ လူတွေကကော ခင်ဗျားကိုတကယ်နားလည်ရဲ့လား ?
  • ကျနော်တို့ကကော သူ့တို့ကိုတကယ်နားလည်ရဲ့လား ?
  • မိမိဆွေမျိုးတွေနဲ့ ကောကိုယ်ရွေးချယ်တဲ့ ဘ၀လက်တွဲဖော်ကအဆင်ပြေအောင်နေနိုင်ရဲ့လား ?
  • မိမိနဲ့ ကော စိတ်ကူးအတွေးအခေါ်ချင်းမျိုးတူရဲ့လား or ကိုယ့်စိတ်ကူးအတွေးအခေါ်ကို ကောလိုက်နိုင်ရဲ့လား ?
  • အဆင့်အတန်းရှိတဲ့ မိသားစုထဲက ပေါက်ဖွားလာတဲ့ မိသားစုမျိုးလား ?
  • မိဘတွေကကော ဆွေမျိုးတွေကကော ကြည်ဖြူနှစ်သက်သဘောတူတဲ့ လူမျိုးတဲ့လား ?
ကျနော်တော့အဲဒီမေးခွန်းတွေ မေးလိုက်ရင်းနဲ့ ကျနော်ချစ်သူတစ်ယောက်ကို ဆုံးရှုံးဖူးပါတယ်ဗျာ။
ကျနော့်အထင်ပါ ၊ အချစ်ဆိုတာ အချိန်တန်ရင်ပျောက်သွားတတ်ပေမဲ့ ဘ၀ဆိုတာ အချိန်တိုင်းရှိနေတာလေ။ အချစ်ဆိုတာ အသစ်တဖန်ဖြစ်ပေါ်နိုင်တယ် ။ ကျနော်တို့ဘ၀မှာ အချစ်ကိုဆုံးးရှုံးခံနိုင်ပေမဲ့ ကိုယ့်အပြူအမူကြောင့် ကိုယ့်လုပ်ရပ်ကြောင့်တော့ ကိုယ်ချစ်တဲ့မိသားစုရဲ့ မျှော်လင့်ချက်တွေ၊ မိမိရဲ့ မျှော်လင့်ချက်တွေ ၊ ဘ၀အနာဂတ်တွေကို တော့ ကျနော့်ဘ၀မှာ အပျောက်အပျက်မခံနိုင်ပါဘူး။

အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဗျာ။ အစစအရာရာလည်းအစဉ်ပြေပါစေလို့ ။

ဆုတောင်းလျှက်
အပျိုကြီး
သဲသဲ